5 Employment Skills

How to Start Looking for a New Job

5 Employment Skills

အလုပ်မှာ ရာထူး၊ လစာကောင်းမွန်လာစေဖို့ မဖြစ်မနေရှိနေသင့်တဲ့ ကျွမ်းကျင်မှု (5) မျိုး…

 

~

 

နည်းပညာတွေနဲ့အတူ အရာရာပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးမှာ ငါ့မှာ အလုပ်ရှိနေတာပဲ၊ ဘာမှသင်ယူစရာမလိုတော့ပါဘူးလို့ တရားသေတွေးထားလို့မရပါဘူး။ ဘယ်သူမဆို ရောက်နေတဲ့နေရာမှာတင် မရပ်တန့်လိုက်ဘဲ ခေတ်ကြီးနဲ့ အမီလိုက်ဖို့ လိုအပ်နေပါပြီ။ ဒီလိုအမီလိုက်နိုင်ဖို့အတွက် လုပ်ငန်းခွင်ဝင်နေသူတိုင်း မဖြစ်မနေကိုယ့်ကိုယ်ကိုယ် မြှင့်တင်သင့်တဲ့ အောက်ပါကျွမ်းကျင်မှု (5) မျိုးကို ညွှန်းပေးချင်ပါတယ်။

 

  1. လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ
  2. Soft Skill
  3. စာရင်းအင်းပိုင်းဆိုင်ရာ
  4. Personal Branding (ကိုယ့်ပုံရိပ်တည်ဆောက်ခြင်း)
  5. Digital Marketing (ဒစ်ဂျစ်တယ်ဈေးကွက်ရှာခြင်း)

 

~

 

  1. အင်္ဂလိပ်စာ

 

လုပ်ငန်းခွင်ဝင်နေကြတဲ့ ဝန်ထမ်းတွေအဖို့ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ (Business English) ကို မဖြစ်မနေတတ်ထားဖို့လိုအပ်ပါတယ်။ Business English ကို တတ်ထားသူတစ်ယောက်အဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေသလို လုပ်ငန်းခွင်အတွင်းမှ ရရှိလာတဲ့ အခွင့်အလမ်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်အသုံးချခွင့်ရနိုင်တဲ့အတွက် တတ်ကို တတ်ထားသင့်တယ်လို့ ပြောပါရစေ။ ဥပမာ လုပ်ငန်းခွင်မှာ မမျှော်လင့်ဘဲ အင်္ဂလိပ်လိုပြောရမယ့်အခြေအနေတွေဖြစ်လာတဲ့အခါ၊ အင်္ဂလိပ်လိုပြောတတ်သူတွေအတွက် အခွင့်အလမ်းရလာတဲ့အခါမျိုးမှာ ကိုယ်က ဒီအတတ်ပညာကို အသုံးချနိုင်သလို အင်္ဂလိပ်စာကျွမ်းကျင်သူတွေအနေနဲ့ လစာများတဲ့အလုပ်ကို ရရှိနိုင်တဲ့အတွက် ပထမဆုံးအချက်အနေနဲ့ Business English ကို တတ်ကျွမ်းအောင် လုပ်ထားဖို့ တိုက်တွန်းချင်ပါတယ်။

 

~

 

  1. Soft Skill

 

ဒီဘက်ခေတ်လို အစစအရာရာတိုးတက်နေတဲ့ခေတ်ကြီးမှာ နောက်ကောက်ကျမကျန်ခဲ့စေဖို့အတွက် Soft skill ဟာလည်း အရေးကြီးပါတယ်။ Soft skill ဆိုတာဟာ အဖွဲနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲ၊ အခက်အခဲပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းသိမ်းမလဲ၊ သူများထက်သာစေမယ့် တီထွင်ဖန်တီးမှုရအောင်ဘယ်လိုလုပ်မလဲ၊ ဘယ်လိုစီမံခန့်ခွဲမလဲ၊ ဝေဖန်ပိုင်းခြားနိုင်မှုနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့စွမ်းရည်၊ ညှိနှိုင်းနိုင်မှုစွမ်းရည်တွေ၊ လူအများနဲ့ စကားပြောဆိုစွမ်းရည်တွေအပြင် လိုက်လျောညီထွေပြောင်းလဲနိုင်မှု စတာတွေပဲ ဖြစ်ပါတယ်။

 

~

 

  1. စာရင်းအင်းပိုင်းဆိုင်ရာ

 

ငွေရေးကြေးရေးဟာ လူတိုင်းအတွက် အရမ်းကို အရေးပါပါတယ်။ စာရင်းအင်းကို စိတ်မဝင်စားဘူးဆိုရင်တောင် Accounting ကိုတော့ အခြေခံအနေနဲ့ တတ်ထားသင့်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ စာရင်းအင်းပိုင်း ကိုင်ရတာတွေ ဖြစ်လာနိုင်တဲ့အတွက် ကိုယ်က မလုပ်တတ်ဘူးလို့ ငြင်းလိုက်ရတာမျိုး မဖြစ်ရလေအောင် တက်ထားတာကောင်းပါတယ်။ တကယ်လို့ ကိုယ်က ဝန်ထမ်းအလုပ်မလုပ်ကိုင်တော့ဘဲ ကိုယ်ပိုင်အလုပ်လုပ်ချင်လာတဲ့အခါမျိုးမှာလည်း Accounting က အရမ်းကို အသုံးဝင်ပါတယ်။

 

~

 

  1. Personal Branding

 

တစ်ခါတလေ ဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ ကိုယ်ဟာ ဘာလုပ်ချင်လို့ ဘာဖြစ်ချင်နေမှန်းမသိ ယောင်ဝါးပြီး ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်နေတတ်ပါတယ်။ လုပ်ငန်းခွင်မှာလည်း ကိုယ့်ရဲ့ ပုံရိပ်ဟာ ပျောက်မှန်းမသိပျောက်နေပြီး ကိုယ်လုပ်နေတာတွေက လူမသိသလို အရာမထင်သလိုမဖြစ်ရလေအောင် personal branding ကောင်းကောင်းရှိဖို့လိုအပ်ပါတယ်၊ ကိုယ့်ရဲ့ ပုံရိပ်၊ ကိုယ့်ရဲ့ နာမည်၊ ကိုယ့်ကျွမ်းကျင်မှုတွေကို လူတွေသိလာအောင် ဘယ်လိုတည်ဆောက်ယူမလဲဆိုတာကို ကောင်းကောင်းသိရပါမယ်။ လုပ်ငန်းခွင်မှာ ကိုယ်က ကျွမ်းကျင်နေပေမယ့်လည်း personal branding ကိုမတည်ဆောက်တတ်ဘူးဆိုရင် ကိုယ်က ဘေးရောက်သွားနိုင်ပါတယ်။ personal branding သာကောင်းမယ်ဆိုရင် တခြားအလုပ်တစ်ခုပြောင်းချင်ရင်လည်း လွယ်ကူသလို အလုပ်ထဲမှာလည်း အလုပ်လုပ်ရတာ အများကြီးအထောက်အကူဖြစ်စေပါတယ်။

 

~

 

  1. Digital Marketing (ဒစ်ဂျစ်တယ်ဈေးကွက်ရှာခြင်း)

 

Digital Marketing ပိုင်းဆိုင်ရာကို တတ်မြောက်သူတစ်ယောက်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပိုင်းဆိုင်ရာမှာ လမ်းတွေပိုပွင့်လာပါတယ်။ ဒီနေ့ခေတ်မှာလည်း Digital Marketing ကျွမ်းကျင်သူတွေခေါ်ယူမှုက အရမ်းကို များနေသလို အလုပ်ခေါ်ယူမှုအများစုမှာလည်း Digital Marketing ကျွမ်းကျင်မှုက လိုအပ်ချက်တစ်ခုလိုဖြစ်လာတဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ ခေတ်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့အတွက် Digital Marketing သင်တန်းတွေကိုလည်း တက်ထားသင့်ပါတယ်။

 

~

 

အခုပြောခဲ့တဲ့ အရာတွေကတော့ လုပ်ငန်းခွင်ဝင်နေသူတိုင်းအတွက် လစာဝင်ငွေပိုကောင်းအောင်၊ လက်ရှိရာထူးကနေ ပိုမိုကောင်းမွန်တဲ့ရာထူးကို ရရှိစေနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရမယ့် စွမ်းရည်တွေနဲ့ တက်ထားရမယ့် သင်တန်းတွေပဲဖြစ်ပါတယ်။

Get Your Resume Done Right

Get Your Resume Done Right